Follow Me on Facebook

Facebook Badge

Tuesday, August 23, 2016

ဩကာသ ဘုရားရှိခိုး၏ နောက်ဆက်တွဲ ဆုတောင်းခြင်းတွင်ပါဝင်သော အပါယ်လေးပါး၊ ကပ်သုံးပါးစသည်တို့၏ အနက်အဓိပ္ပာယ်


အပါယ်လေးပါး
အပါယ = (အပ+အယ။ အယ=ချမ်းသာ+အပ=ကင်းခြင်း)
ချမ်းသာကင်း၍ ကုသိုလ်ပြုခွင့်မရသောအရပ်။
၁။ ငရဲ 
၂။ တိရိစ္ဆာန်
၃။ ပြိတ္တာ = စားရာမဲ့ ဝတ်ရာမဲ့ ခိုကိုးရာမဲ့ဖြစ်နေသူတို့ဘုံ
၎။ အသူရကာယ် = ပြိတ္တာထက် အခြေအနေဆိုးသော အမြဲပူလောင် ဆင်းရဲမှုတို့ကိုခံနေကြရသူတို့ဘုံ


ကပ်သုံးပါး
ကပ္ပ=ကပ်=ခေတ်၊ ကာလ
(မကောင်းသောကပ်သုံးပါး)

၁။ ဒုဗ္ဘိက္ခန္တရကပ် = လူတို့လောဘထူပြောလာ၍ဖြစ်သော ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သည့်ကာလ
၂။ သတ္ထန္တရကပ် = လူတို့ဒေါသထူပြောလာ၍ဖြစ်ပေါ်လာသော လက်နက်ဘေး၊ စစ်ဘေးကျရောက်သည့်ကလ
၃။ ရောဂန္တရကပ် = လူတို့ မောဟထူပြောလာ၍ ကူးစက်ရောဂါများဆိုက်ရောက်လာသည့်ဘေးကျရောက်သည့်ကာလ

ရပ်ပြစ် ရှစ်ပါး
၁။ ငရဲ
၂။ တိရိစ္ဆာန်
၃။ ပြိတ္တာ
၎။ သက်တမ်းအလွန်ရှည်သည့် အရူပ(နာမ်သက်သက်)နှင့် အသညသတ်(ရုပ်သက်သက်)ဗြဟ္မာဘုံ
၅။ ပစ္စန္တရစ်အရပ်သား (အစွန်အဖျား ဝေးလံသီခေါင် လူသူမရောက်သည့်၊ ဝေါဟာရစကားလုံးမပြည့်စုံမကြွယ်ဝသည့် လူရိုင်းမျိုးနွယ်)
၆။ မိစ္ဆာဒိဋ္ဌိ = (မိစ္ဆာ)မှားယွင်းသော +(ဒိဋ္ဌိ)အယူဝါဒရှိသည့် အမျိုးအနွယ်
၇။ ဒုပ္ပည = အသိဉာဏ် လူစဉ်မမီသောသူ
၈။ သာသနာပ ကာလ(ဗုဒ္ဓမပွင့်ထွန်းသော၊ ဗုဒ္ဓအဆုံးအမ မရှိသော ကာလ)

ရန်သူမျိုး ငါးပါး
၁။ ရေ (ရေလွှမ်းခြင်းဘေး)
၂။ မီး (မီးလောင်ခြင်းဘေး)
၃။ မင်း (မင်းပြစ်မင်းဒဏ်ခံရခြင်းဘေး)
၎။ ခိုးသူ (ခိုးဝှက် လုယက်ခံရခြင်းဘေး)
၅။ အမွေခံဆိုး (မိဘပစ္စည်းဖြုန်းတီး၍ မိဘအပေါ်ကျေးဇူးကန်းနှိပ်စက်တတ်သော သားသမီးဆိုး)

ဝိပတ္တိတရား လေးပါး
(ဝိပတ္တိ=ချွတ်ယွင်းဖောက်ပြန်မှု)
၁။ ဂတိဝိပတ္တိ = လားရာဂတိဖောက်ပြန်ခြင်း၊ အပါယ်၎ဘုံတို့၌ဖြစ်ရခြင်း
၂။ ဥပဓိဝိပတ္တိ = ဥပဓိရုပ်ဖောက်ပြန်ခြင်း၊ ရုပ်ဆင်းအင်္ဂါချို့တဲ့ခြင်း
၃။ ကာလဝိပတ္တိ = ခေတ်ကာလပျက်ယွင်းခြင်း၊ (တရားဥပဒေဖြင့်အုပ်ချုပ်မှုကင်းမဲ့သောအချိန်)
၎။ ပယောဂဝိပတ္တိ = လုပ်ဆောင်မှု မမှန်မကန်ဖောက်ပြန်ခြင်း၊ လုပ်မှားကိုင်မှားဖြစ်ခြင်း၊ အပြစ်ကျူးလွန်မိခြင်း

ဗျသနတရား ငါးပါး
(ဗျသန=ပျက်စီးခြင်း)
၁။ ဉာတိဗျသန = ဆွေမျိုးများပျက်စီးခြင်း
၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာဆုတ်ယုတ်ပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါစွဲကပ်၍ ပျက်စီးခြင်း
၎။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဋ္ဌိဗျသန = အယူဝါဒ ဖောက်ပြန်လွဲမှားပျက်စီးခြင်း
(သီလဗျသနနှင့်ဒိဋ္ဌိဗျသနသည် သံသရာအစဉ်လိုက်၍ ဆိုးကျိုးပေးသောအရာများဖြစ်၍ ကြောက်စရာအလွန်ကောင်းပါ၏)
ထိုအကြောင်းတရားများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တွင် တရားဓမ္မကို ကျင့်ကြံအားထုတ်ရန်မှာ အလွန်တရာခက်ခဲ၍ မဖြစ်နိုင်သော အခြေအနေဖြစ်သဖြင့် ထိုအချင်းအရာများနှင့် "အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍" ဟုဆုတောင်းကြခြင်းဖြစ်ပါသည်။
ဆုတောင်းခြင်းဟူသည် လူတစ်ယောက်၏ ကိုယ်ကျင့်သီလနှင့်တိုက်ရိုက်သက်ဆိုင်သောအရာဖြစ်၍ ဆုတောင်းသည့်အတိုင်းဖြစ်မြောက်ရန်မှာ မိမိတို့ကိုယ်တိုင် ကိုယ်ကျင့်သီလစောင့်ထိန်းရန်လိုအပ်ပါသည်။
လူသားအားလုံး ထိုမကောင်းခြင်းတို့မှ ကင်းလွတ်နိုင်ကြပါစေ...
Ref: ဗုဒ္ဓဘာသာလက်စွဲကျမ်း(ပထမတွဲ){သာသနာရေးဦးစီးဌာန}

No comments:

Post a Comment